
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင ့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP)တို့ ပူးပေါင်းစီစဉ်သည့် ဒုတိယအကြိမ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒအပေါ် အာရှပစိဖိတ်ဒေသအတွင်းနှင့် ဒေသ ပြင်ပ အတွေ့အကြုံများဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲနှင့် နှီးနှော ဖလယ်ပွဲကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် နေပြည် တော်ရှိ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့မှ ညွှန်ကြားရးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂ Under Secretary General နှင့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေး ကော်မရှင် (ESCAP)၏ အမှုဆောင်အတွင်းရေးမှူးချုပ် Dr. Noeleen Heyzer၊ အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်မှ စီးပွားရေးပညာရှင် ပါမောက္ခ Joseph Stiglitz၊ Centre for Alleviation of Poverty through Secondary Crops’ Development in Asia and the Pacific (CAPSA-ESCAP)မှ ဒါရိုက်တာ Mr. LeRoy Hollenbeck၊ ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Mr. Bishow B. Parajuli၊ ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေးကော်မရှင်နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ စီးပွားရေးနှင့် လူမှုရေးပညာရှင်များ၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ Under Secretary General နှင့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှု ရေးကော်မရှင် (ESCAP)၏ အမှုဆောင် အတွင်းရေးမှူးချုပ် Dr. Noeleen Heyzer က အမှာစကား ပြောကြား သည်။ ထို့နောက် အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်မှ စီးပွားရေး ပညာရှင် ပါမောက္ခ Joseph Stiglitz က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု စီးပွား ရေးဆိုင်ရာ မူဝါဒများတွင် ပါဝင်ရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်ခင်မမဆွေနှင့် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးစီးပွားဌာန၊ ပါမောက္ခ ဒေါက်တာဒေါ်ဒေါ်လီကျော်တို့က မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် စာတမ်းများကို ဖတ်ကြားတင်ပြကြရာ ပညာရှင်များနှင့် တက်ရောက်လာကြသူများက ပြန်လည် ဆွေးနွေး မေးမြန်းကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ပညာရှင်အဖွဲ့ အတွင်းရေးမှူး ဦးတင် ထွဋ်ဦးနှင့် သြစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ်မှ Visiting Research Fellow ဖြစ်သည့် Dr. Ikuko Okamoto တို့က မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် စာတမ်းများကို ဖတ်ကြားတင်ပြကြရာ ပညာရှင်များနှင့် တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေး မေးမြန်းကြသည်။

ထို့နောက် ကုလသမဂ္ဂ Under Secretary General နှင့် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေး ကော်မရှင်(ESCAP)၏ အမှုဆောင်အတွင်းရေးမှူးချုပ် Dr. Noeleen Heyzer နှင့် အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်မှ စီးပွားရေးပညာရှင် ပါမောက္ခ Joseph Stiglitz တို့က နိဂုံးချုပ် အမှာစကား ပြောကြားကြပြီး စားပွဲဝိုင်းဆွေးနွေးပွဲကို ရပ်နားလိုက်သည်။
ယင်းနောက် ညနေ ၃ နာရီတွင် မြန်မာ့ ကျေးလက်ဒေသ စီးပွားရေး အခြေအနေ ပြောင်းလဲစေနိုင်မည့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ နှီးနှော ဖလှယ်ပွဲကို ကျင်းပရာ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်ချုပ်ဌေးဦး၊ အမှတ်(၂)စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒုတိယ ဗိုလ်မှူးကြီး ခင်မောင် ကျော်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးကြီးသူရိန်ဇော်၊ စွမ်းအင်ဝန်ကြီး ဌာန မှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် သန်းဌေး၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂ Under Secretary General နှင့် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP)၏ အမှုဆောင်အတွင်းရေးမှူးချုပ် Dr. Noeleen Heyzer၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်မှ စီးပွားရေး ပညာရှင် ပါမောက္ခ Joseph Stiglitz၊ Centre for Alleviation of Poverty through Secondary Crops’ Development in Asia and the Pacific (CAPSA-ESCAP) မှ ဒါရိုက်တာ Mr. LeRoy Hollenbeck၊ ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Mr. Bishow B. Parajuli၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေး ကော်မရှင်နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ စီးပွားရေးနှင့်လူမှုရေး ပညာရှင်များ၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ပညာရှင်များ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
နှီးနှောဖလှယ်ပွဲတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် ဌေးဦးက လယ်ယာကဏ္ဍနှင့်ကျေးလက်ဒေသ ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ - ယခုအစည်းအဝေးသည် မိမိတို့ အားလုံး အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဆိုင်ရာမူဝါဒများနှင့်ပတ်သက်သည့် အတွေ့ အကြုံများ၊ အတွေးအမြင်များ ဖလှယ်နိုင်ရေး အတွက် အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း၊ မိမိတို့၏ ကျေးလက်ဒေသ အသက်မွေး ဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ အတွေးအမြင်များကို တက်ရောက်လာကြသည့် ပုဂ္ဂိုလ်အားလုံးနှင့် ဖလှယ်ခွင့်ရသည့်အတွက် များစွာ ဝမ်းမြောက် ပါကြောင်း ပြောကြားလိုကြောင်း။
အာရှနှင့်ပစိဖိတ်ဒေသအတွင်းတွင်ရှိသည့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် တည်ငြိမ်မှုနှင့် အေးချမ်း သာ ယာမှု အတွက် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို မှီခိုအားထားနေကြရကြောင်း၊ အလားတူ အမျိုးသား စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဖူလုံရေးသည်လည်း တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှုကို အပြန်အလှန် မှီခိုလျက် ရှိကြောင်း၊ ထို့ကြောင့် တည်ငြိမ်မှု၊ အေးချမ်းသာယာမှုနှင့် ဖွံ့ဖြိုးမှုတို့သည် မိမိတို့အတွက် ခွဲခြား၍ မရစကောင်းသော အရာများဖြစ်ကြောင်း၊ ဤအကြောင်း(၃)ချက်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံ မူဝါဒပင်ဖြစ်ကြောင်း။
စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် ပေးခြင်း ဖြစ်ပြီး ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းမှု ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်ပေး ခြင်းပင်ဖြစ်ကြောင်း၊ ဤအချက်သည် မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်အတွက် အရေး ကြီးသော အကြောင်းခြင်းရာ ပင်ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာနှင့်ယှဉ်၍ ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိသော မြန်မာ နိုင်ငံသည်လည်း ကမ္ဘာ့ပတ်ဝန်းကျင် ဆိုင်ရာ ပျက်သုန်းမှု၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်စေသော ရာသီဥတု ပြောင်းလဲမှုများ၊ စီးပွားရေး ကျဆင်းမှုများ၊ ကုန်သွယ်မှု မညီမျှမှုများ၏ လှိုင်းဂယက်များက ရိုက်ခတ်မှုကို အနည်း နှင့်အများ ခံစားရလျက်ရှိရာ ဤဒဏ်ချက်များကို ခံနိုင်ရည်ရှိစေသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သည် အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များတွင် အချက်အချာအကျဆုံးဖြစ်ကြောင်း၊ ဤသည်ကို သိရှိပြီး မြန်မာနိုင်ငံအစိုးရအနေဖြင့် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသအသက်မွေးဝမ်းကျောင်းမှု ဖွံ့ဖြိုးရေးအတွက် အမျိုးသား အဆင့် ကော်မတီကြီး(၃)ရပ်ကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ ဤကော်မတီကြီးများမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သော သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဗဟိုကော်မတီ၊ မိမိကိုယ်တိုင်ဦးဆောင်သော ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီနှင့် အမျိုးသားစားနပ်ရိက္ခာဖူလုံရေးကော်မတီတို့ ဖြစ်ကြောင်း။
စားနပ်ရိက္ခာဖူလုံမှုနှင့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းမှုတို့သည် ဒေသနေ လူအများ၏ ဝင်ငွေ တိုးတက်ရေးကို မှီခိုနေသောကြောင့် စိုက်ပျိုးရေး တိုးတက် ထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ အခြေခံအကျဆုံးသော စီးပွားရေးလုပ်ငန်း အဖြစ် သတ်မှတ်ကျင့်သုံးခဲ့ကြောင်း၊ စိုက်ပျိုးရေး တိုးတက် ထုတ်လုပ်မှုအတွက် အဓိကကျသော အခြေခံအချက်မှာ စိုက်ပျိုးရေရရှိရေးနှင့် ရေကို ရေရှည် တည်တံ့စွာ အကျိုးရှိရှိ အသုံးချနိုင်ရေး ဖြစ်ကြောင်း၊ ထို့ကြောင့် ဆည်တာတမံ ၂၂၈ ခု၊ မြစ်ရေတင်စီမံကိန်း ၃၂၂ ခု၊ အပူပိုင်းဇုန် ဒေသများတွင် ဆည်ငယ်၊ ကန်ငယ်များ တည်ဆောက် ပြုပြင်ခြင်း၊ မြေအောက် ရေတွင်းပေါင်း ၇၀၀၀ ကျော် တူးဖော်၍ သွင်းရေရရှိရေး ဆောင်ရွက် ပေးခဲ့ကြောင်း၊ အလားတူ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် ရေရရှိရေးကို အားသွန်ခွန်စိုက် ဆောင်ရွက် နေသကဲ့သို့ တည်ဆောက်သည့် ဆည်များနှင့် တူးမြောင်းများမှ အသေးစား ရေအားလျှပ်စစ်များ ထုတ်လုပ်ပြီး ကျေးလက်ဒေသ မီးလင်းနိုင်ရေးကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြားတစ်ဖက်မှ ကြည့်ပါက လည်း မြန်မာနိုင်ငံသည် ရေရရှိရေး ဆောင်ရွက်ခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်စေရေး ကြိုတင်စီမံခြင်း ပင် ဖြစ်ကြောင်း။
ထိရောက်သော ရေသွင်းစိုက်ပျိုးမှု အခြေခံမူဝါဒသည် တစ်သီးစားမှ နှစ်သီးစား၊ နှစ်သီးစားမှ သုံးသီးစား စနစ်များ ပေါ်ပေါက်စေ၍ ကျေးလက်ဒေသ ဝင်ငွေတိုးတက်ရေးကို အထောက်အကူပြုစေကြောင်း၊ နည်းပညာနှင့် သွင်းအား စုများ ပံ့ပိုးခြင်း၊ ချေးငွေများ ပံ့ပိုးခြင်း အစရှိသည့် လယ်သမား အထောက်အကူပြု လုပ်ငန်းများသည် စိုက်ပျိုးရေး ထွက်ကုန် ပြုပြင်ထုတ်လုပ်မှု အဆင့်ဆင့်နှင့် စားသုံးသူ အန္တရာယ်ကင်းရှင်းမှုတို့ အဓိက အထောက်အကူပြုစေ ကြောင်း၊ ထပ်မံဖွံ့ဖြိုးတိုးတက်မှုအတွက် မိရိုးဖလာ နည်းပညာများ၏ အရေးပါမှုကို အသိအမှတ်ပြုရင်း ခေတ်မီ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးရေးကိုလည်း အားပေးလျက်ရှိကြောင်း။
ဤသို့ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားစိုက်ပျိုးရေးတက္ကသိုလ်ကွန်ရက်ကိုလည်း တိုးချဲ့၍ သီးနှံနှင့် နည်းပညာ အထူးပြုစနစ်များ ထွန်းကားအောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အလားတူ စိုက်ပျိုးရေးသိပ္ပံများမှလည်း အင်တိုက်အားတိုက် နည်းပညာ ပြန့်ပွားရေးနှင့် ထွန်းကားရေး ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတော်အစိုးရသည် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများကို အလိုအပ်ဆုံးဖြစ်သည့် ကျေးလက်ဒေသနေ လူအများအတွက် အတွေးအမြင် ကျယ်ကျယ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ရရှိပြီး အောင်မြင်မှုများအတွက် မိမိတို့အားလုံး ကျေနပ် အားရနေရုံဖြင့် မပြီးဘဲ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လူအများ လက်တွဲပါဝင် ဆောင်ရွက်နိုင်ရေး အားပေးလျက်ရှိကြောင်း။
နိဂုံးချုပ်အနေဖြင့် ESCAP ၏ အပြည့်အဝ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ကြိုဆိုပါကြောင်း၊ ဒေါက်တာ Heyzer ၊ ပါမောက္ခ Stiglitz နှင့် နံနက်ပိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ပညာရှင်များအားလုံး၏ တန်ဖိုးရှိလှသော အကြံပြုချက်များ အတွေးအမြင်များအတွက် အထူး ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး သူရိန်ဇော်က အမျိုးသားဖွံ့ဖြိုးတိုးတက်မှု မူဝါဒများနှင့် ထောင်စုနှစ် ရည်မှန်းချက်ပန်းတိုင်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား သည်။
ထို့နောက် ကုလသမဂ္ဂ Under Secretary General နှင့် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP)၏ အမှုဆောင် အတွင်းရေးမှူးချုပ် Dr. Noeleen Heyzer က ထိရောက်မှုရှိ၍ ရေရှည် တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ဒေသတွင်း ပံ့ပိုးပေးနိုင်ရေး ESCAP နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်မှ စီးပွားရေးပညာရှင် ပါမောက္ခ Joseph Stiglitz က ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာမှ ဆောင်ရွက်မှု အခြေအနေ များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသူများက ပါဝင်ဆွေးနွေး မေးမြန်း ကြပြီး နှီးနှောဖလှယ်ပွဲကို ရုပ်သိမ်း လိုက်သည်။
နှီးနှောဖလှယ်ပွဲအပြီးတွင် ဝန်ကြီး ဗိုလ်ချုပ်ဌေးဦး၊ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာကြသူများသည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ညပိုင်းတွင် ဝန်ကြီး ဗိုလ်ချုပ်ဌေးဦးက စားပွဲဝိုင်းဆွေးနွေးပွဲနှင့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြသူများအား နေပြည်တော် ဟိုတယ်ဇုန်ရှိ ရွှေနန်းတော်ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။